ကိုဗစ်နှင့် ဖြည့်စွက်စာများ

      ကိုဗစ်ဖြစ်တာခုဆိုမြန်မာပြည်မှာ လူပေါင်း၅၀၀၀ကျော်ရှိသွားပြီ။ ပြန်ကောင်းတဲ့သူလည်းရှိသလို ကိုဗစ်ကြောင့်အသက်ဆုံးပါးသွားတဲ့လူနာတွေလည်းရှိပါတယ်။ ဒီကြားထဲကိုဗစ်ကိုအကြောင်းပြပြီး ပြည်သူလူထုအပေါ်ကိုအမြတ်ထုတ်ချင်နေတဲ့ လူတွေလည်းရှိပါတယ်။ မကြာသေးခင်က facebook ပေါ်မှာကိုဗစ်ကာကွယ်ဆေး၊ ဒီဆေးတွေသောက်ရင်ကိုဗစ်ကိုကာကွယ်နိုင်တယ်စသဖြင့်ရေးသားပြောဆိုမှုတွေရှိလာတာကိုတွေ့ရတယ်။ အထူးသဖြင့် supplements လို့ခေါ်တဲ့ ဖြည့်စွက်စာတွေကိုသောက်ထားရင်ကိုဗစ်ကိုကာကွယ်နိုင်တယ်ဆိုပြီးပြောဆိုနေကြတာတွေ့ရတော့ သတိလက်လွတ်မဖြစ်စေချင်လို့ဒီစာကိုရေးရခြင်းဖြစ်တယ်။ လူပြောများနေတဲ့ supplements တွေနဲ့ကိုဗစ်ကဘယ်လိုဆက်စပ်မှုရှိလည်းဆိုတာ ဆက်ကြည့်ရအောင်။

Zinc(ဇင့်ဓါတ်)   

Zinc ဆိုတာ သတ္တုဓါတ်တစ်မျိုးပါ။ လူ့ကိုယ်ခန္ဓာမှာ အရေးကြီးတဲ့သက်စောင့်ဓါတ်တစ်မျိုးထဲမှာပါပါတယ်။ အသား၊ ပင်လယ်စာ၊ ဥအမျိုးမျိုးနဲ့ ကောက်နှံတွေကိုနေ့စဥ်စားသုံးပေးရင်တစ်နေ့တာအတွက်လုံလောက်တဲ့ပမာဏကိုရရှိနိုင်ပါတယ်။ zinc ကိုနေ့စဥ် 8-11mg လောက်ပဲကိုယ်ခန္ဓာကလိုအပ်ပါတယ်။ Zinc ဟာ လူ့ကိုယ်ခံအားအတွက်လိုအပ်တဲ့သွေးဆဲလ်တွေကိုထုတ်လုပ်ရာမှာလိုအပ်ပါတယ်။ ပြီးတော့ zinc ကိုကလေးတွေဝမ်းပျက်ဝမ်းလျောတာ၊ အမျိုးသားတွေသုတ်ထုတ်လုပ်မှုပိုအားကောင်းအောင်ကုသရာမှာလည်းသုံးပါသေးတယ်။ ဒီလိုအရေးပါတဲ့ ဇင့်ဓါတ်ကို ကိုဗစ်ကုသရာမှာအသုံးဝင်နိုင်သလားဆိုတာ အတိအကျမပြောနိုင်သေးပဲ ထည့်သွင်းစဥ်းစားနေကြစဲဖြစ်ပါတယ်။

image: Google

Vitamin C(ဗီတာမင်စီ)   

လူတိုင်းရင်းနီးပြီးသားသက်စောင့်ဓါတ်တစ်မျိုးပါ။ အရည်ရွှမ်းပြီးအချဥ်ဓါတ်ပါတဲ့အသီးအနှံတွေကနေရရှိနိုင်ပါတယ်။ ဗီတာမင်စီကို တစ်နေ့ 90mg လောက်ရရင်လုံလောက်ပါတယ်။ သူဟာ ကိုယ်ခံအားစနစ်မှာအရေးပါပြီးနဲ့ အနာကျက်နှုန်းကိုလည်းမြန်စေပါတယ်။ ကိုဗစ်နဲ့ ဗီတာမင်စီဆက်စပ်မှုဟာအခုထက်ထိ တိကျသေချာတဲ့သုတေသနစာတမ်းများထွက်ပေါ်ထားခြင်းမရှိသေးပါဘူး။ ဒါကြောင့်ကိုဗစ်မဖြစ်အောင် ဗီတာမင်စီသောက်ရမယ်ဆိုတာလည်းခိုင်လုံတဲ့အကြောင်းပြချက်တော့မဟုတ်ပါဘူး။

image: Google

Vitamin D(ဗီတာမင်ဒီ)   

မြန်မာပြည်ဟာနေရောင်ခြည်ကိုအပြည့်အဝရတဲ့အပူပိုင်းနိုင်ငံတွေထဲကတစ်ခုပါ။ နေရောင်ခြည်ဟာသဘာဝကပေးထားတဲ့ဆေးတစ်မျိုးဆိုလည်းမမှားပါဘူး။ နေရောင်ခြည်ကိုမနက်စောစော မိနစ်သုံးဆယ်လောက်ခံယူလိုက်ရင် တစ်နေ့တာအတွက်လုံလောက်တဲ့ ဗီတာမင်ဒီပမာဏကိုရရှိပါပြီ။ လူ့ကိုယ်ခန္ဓာက ဗီတာမင်ဒီကို တစ်နေ့ကို 600-800IU လောက်ပဲလိုအပ်တာပါ။ သင်ဟာမြန်မာပြည်ရဲ့အပူပိုင်းဒေသမှာနေတဲ့သူဆိုရင် ဗီတာမင်ဒီကိုအလိုလိုရရှိပြီးသားဖြစ်နိုင်ပါတယ်။ ဒါ့အပြင် နို့ထွက်ပစ္စည်း၊ ကြက်ဥ၊ အသားငါးတွေကနေလည်း ဗီတာမင်ဒီကိုရရှိနိုင်သေးလို့ ဗီတာမင်ဒီချို့တဲ့မှာကိုတွေးပူနေစရာမလိုပါဘူး။ ကိုယ်ခန္ဓာမှာဗီတာမင်ဒီဟာ 4000IU ထက်ပိုများနေမယ်ဆိုရင် vitamin D toxicity လို့ခေါ်တဲ့ ဗီတာမင်ဒီအဆိပ်သင့်ခြင်းဖြစ်နိုင်ပါတယ်။ အဆိပ်သင့်ပြီဆိုရင်တော့ သွေးတွင်းကယ်လ်ဆီယမ်ဓါတ်များပြီး ကိုယ်တွင်းအင်္ဂါများထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဗီတာမင်ဒီဟာကိုယ်ခံအားစနစ်ထဲမှာလည်းတစ်စိတ်တစ်ပိုင်းပါဝင်နေပေမဲ့ ကိုဗစ်ကိုကုသကာကွယ်ရာမှာ အရေးပါမပါဆိုတာကတော့ အငြင်းပွားဖွယ်ရာဖြစ်နေပါတယ်။

image: Google

Coenzyme Q(CoQ)   

ခုနောက်ပိုင်းလူပြောများလာတဲ့သက်စောင့်ဓါတ်တစ်မျိုးပါ။ CoQ ကိုနှလုံးအားနည်းခြင်း၊ အယ်လ်ဇိုင်းမား၊ ခေါင်းတခြမ်းကိုက်ရောဂါ(migraine) နဲ့ statin လို့ခေါ်တဲ့သွေးတွင်းအဆီကျဆေးကြောင့် ကြွက်သားများညောင်းညာကိုက်ခဲခြင်းစတဲ့ ရောဂါတွေကိုကုသရာမှာသုံးပါတယ်။ CoQ ဟာ ဓါတ်တိုးဆန့်ကျင်(antioxidant) တစ်မျိုးဖြစ်ပြီး ကိုယ်ခန္ဓာကနေလည်းအလိုလိုထုတ်လုပ်နိုင်ပါတယ်။ ကိုဗစ်ရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးတွေထဲကတစ်ခုကနှလုံးကြွက်သားအလွှာကိုပျက်စီးစေပြီး နှလုံးပျက်စီးခြင်း(heart failure)ဖြစ်စေပါတယ်။ ဒါကြောင့် CoQ ဟာကိုဗစ်ကြောင့်ဖြစ်တဲ့နှလုံးကြွက်သားပျက်စီးခြင်းကိုကာကွယ်ကုသနိုင်မလားဆိုပြီး သီအိုရီတွေထွက်လာပါတယ်။ သို့သော်လည်းလက်တွေ့မှာ စနစ်တကျသုတေသနပြုထားခြင်းမရှိသေးတဲ့အတွက် CoQ သောက်သုံးခြင်းကကိုဗစ်ကိုကာကွယ်နိုင်တယ် မကာကွယ်နိုင်ဘူးဆိုတာတပ်အပ်မပြောနိုင်သေးပါဘူး။

image: Google

    လူတိုင်းမိမိကြိုက်နှစ်သက်ရာကိုရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ နာမည်ကြီးဆယ်လီများ၊ ဆေးပညာနယ်ပယ်ကမဟုတ်တဲ့သူတွေရဲ့ပြောစကားများ၊ လူကြိုက်အောင်ကြေညာတဲ့ဆေးကြော်ငြာများစတဲ့ လွှမ်းမိုးမှုကိုမခံပဲ မိမိဥာဏ်နဲ့ယှဥ်ပြီးသောက်သုံးဖို့လိုပါတယ်။ အထက်ပါဆေးများကိုသောက်သုံးခြင်းဟာ ကပ်ရောဂါဆိုးကြီးဖြစ်တဲ့ ကိုဗစ်ကိုကာကွယ်နိုင်တယ် မကာကွယ်နိုင်ဘူးဆိုတာတိကျသေချာတဲ့ရလဒ်အဖြေများ သုတေသနပြုချက်များမရှိသေးတဲ့အတွက် သောက်သုံးမယ်ဆိုရင်လည်းတတ်ကျွမ်းနားလည်တဲ့ ဆရာဝန် ဆရာမများနဲ့တိုင်ပင်ပြီးမှသောက်သုံးသင့်ကြောင်း ရေးသားအကြံပြုလိုက်ရပါတယ်။    

အားလုံးပဲ ကိုဗစ်ကပ်ဆိုးကြီးကနေကင်းဝေးလွတ်မြောက်နိုင်ကြပါစေ။

ဒေါက်တာဒယ်နီ

အထွေထွေရောဂါကုဆရာဝန်

Specialist GP(Maldives)

ကိုးကားထားသော link များ

https://consultqd.clevelandclinic.org/covid-19-and-supplements-what-we-know-now/
https://www.covid19treatmentguidelines.nih.gov/adjunctive-therapy/vitamin-c/
https://www.mayoclinic.org/drugs-supplements-coenzyme-q10/art-20362602
https://www.thelancet.com/journals/landia/article/PIIS2213-8587(20)30268-0/fulltext

Leave a comment

Design a site like this with WordPress.com
Get started